အဓိကအကြောင်းအရာသို့ သွားမည်
x

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏ (၂၃) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

သီးနှံအထွက်နှုန်းနှင့် အရည်အသွေးတိုးတက်ထုတ်လုပ်နိုင်ရေး၊ တောင်သူများ၏ ဝင်ငွေများတိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားခြင်းရေးအတွက်  အရည်အသွေး ပြည့်မီသောမျိုးစေ့များကို တောင်သူလယ်သမားများ လိုအပ်အချိန်တွင် သင့်တော်သောနှုန်းထားဖြင့် ရရှိအသုံးပြုနိုင်ရန် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (National Seed Related Committee, NSC) က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (NSC) ၏ (၂၃) ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ (၂၉) ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (NSC) ဥက္ကဌ  ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ကော်မတီ အဖွဲ့ဝင်များ၊ သီးနှံကျွမ်းကျင်မှု ဆိုင်ရာ လုပ်ငန်းအဖွဲ့ (Technical Working Groups, TWGs) ၊ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ (Technical Seed Committee, TSC) များမှ အဖွဲ့ ခေါင်းဆောင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဌ  ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အမှာစကား ပြောကြားရာ၌ ပြောင်းလဲလာသော မျိုးစေ့စျေးကွက်နှင့်အညီ စျေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီမှုရှိပြီး အရည်အသွေး စံချိန် စံညွှန်းများနှင့် ညီညွတ်သည့် တန်ဘိုးမြှင့် အရည်အသွေးကောင်း မျိုးစေ့များကို ဈေးနှုန်း ချိုသာစွာ သုံးစွဲနိုင်ရေးအတွက် ပြည်ပမှ မျိုးစေ့များ တင်သွင်းခြင်းလုပ်ငန်းအပြင် ပြည်တွင်း မျိုးစေ့ထုတ်လုပ်ငန်းများ ရင်းနှီး မြုပ်နှံမှု တိုးတက်ရေး နှင့်  ပြည်ပ ရင်းနှီး မြုပ်နှံမှုများ ဝင်ရောက်လာရေး အတွက် ဖြေလျှော့ ဆောင်ရွက် ပေးရမည့် နည်းလမ်းများ၊ ခေတ်စနစ်နှင့် လိုက်လျောညီထွေမှု မရှိတော့သည့် ကိစ္စရပ်များ၊ ပြုပြင် ပြောင်းလဲဆောင်ရွက်ရန် လိုအပ် နေသောကိစ္စရပ်များကို ရှာဖွေဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း  ပြောကြားသည်။

ထို့နောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အစည်းအဝေးတွင် ဆွေးနွေး ဆောင်ရွက်ရမည့်အကြောင်း အရာများ နှင့် မျိုးသစ် အသိအမှတ်ပြုလက်မှတ်ရရှိရန် အစိုးရဌာနနှင့် ကုမ္ပဏီများမှ တင်ပြလာသည့် သီးနှံ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက် လာကြသူများက လုပ်ငန်း တစ်ခုချင်းအပေါ် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

ဌာနများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများက တင်ပြလာသည့် သီးနှံမျိုးသစ်များအား မျိုးသစ်အသိအမှတ်ပြု လက်မှတ်များထုတ်ပေးနိုင်ရန်  သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်း အဖွဲ့များ (Technical Working Groups, TWGs) နှင့် မျိုးစေ့ကျွမ်းကျင်မှု ဆိုင်ရာ ကော်မတီ (Technical Seed Committee, TSC)တို့က မျိုးစေ့ ဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ အဆင့်ဆင့်စိစစ်တင်ပြချက်အပေါ် (၃)လ တစ်ကြိမ် ကျင်းပသည့် မျိုးစေ့ ဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေးများတွင် သုံးသပ်ဆွေးနွေး ဆောင်ရွက်ခြင်းဖြစ်ပြီး၊ (၂၂) ကြိမ်မြောက် အစည်းအဝေး ပြီးဆုံချိန် အထိ သီးနှံ (၇၆) မျိုး၏ မျိုးကွဲ (၁၄၀၃) မျိုး နှင့် မိဘမျိုးလိုင်း (၁၆၈)စုံ၊ စုစုပေါင်း (၁၅၇၁) မျိုးကို စိစစ်ထုတ်ပေး ခဲ့ပြီးဖြစ်ကြောင်း ယနေ့ကျင်းပသည့် (၂၃)ကြိမ်မြောက် အစည်းအဝေးတွင် စမ်းသပ်စိုက်ပျိုးသီးနှံ (၃)မျိုး၏ မျိုးသစ်မျိုးကွဲ (၁၂) မျိုး နှင့် အချက်အလက် စုစည်းတင်ပြထားသော သီးနှံ (၁၃)မျိုး၏ မျိုးသစ်မျိုးကွဲ(၁၆)မျိုး၊ စုစုပေါင်း (၂၈)မျိုး တို့ကို မျိုးသစ်အသိအမှတ်ပြု လက်မှတ် ထုတ်ပေးနိုင်ရေး ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။