အဓိကအကြောင်းအရာသို့ သွားမည်
x

လယ်ယာကဏ္ဍဆိုင်ရာ ကျွမ်းကျင်သော လုပ်သားကောင်း အရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိ

စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေး ကြိုးပမ်း ရာ တွင် ထွန်ထယ် ကိရိယာများ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး သာမက ခေတ်မီ လယ်ယာသုံး စက်ကိရိယာများ၊ ရိတ်သိမ်း ချွေလှေ့စက်ကြီးများ၊ ဒရုန်း နည်းပညာများ၊ သိုလှောင် ကြိတ်ခွဲ ပြုပြင် ထုပ်ပိုးခြင်း ဆိုင်ရာ စက်ကိရိယာများ ကို စနစ်တကျ အကျိုးရှိစွာ အသုံးပြုနိုင်ရေး သည်လည်း လိုအပ်လာလျက် ရှိကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းနယ်ပယ်အလိုက် အဆင့်မီ လက်မှတ်ရ ကျွမ်းကျင်သူများ မွေးထုတ်ပေးရန် လိုအပ်လျက် ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် သင်တန်းများဖွင့်လှစ်ပြီး ကျွမ်းကျင်သော လုပ်သားကောင်း လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း အောက်တိုဘာလ(၂၀)ရက်နေ့ က မန္တလေး တိုင်း ဒေသကြီး မိတ္ထီလာမြို့ရှိ စက်မှု လယ်ယာ ဗဟို သင်တန်းကျောင်း၌ ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို ၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်  ဆရာ/ဆရာမများ ၊ သင်တန်းသားများ တက်ရောက်ကြသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖွင့်လှစ်ခြင်းဖြစ်သည့် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု လက်မှတ်ရသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး၊ စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ထွန်းအေးက သင်တန်းဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သင်တန်းသားများနှင့်အတူ စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြပြီး သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများအား ကြည့်ရှု စစ်ဆေးသည်။

လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရ သင်တန်းသို့ အခြေခံပညာ အထက်တန်း ပြီးမြောက်သူများ တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ (၁)နှစ်ကြာမြင့် မည် ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံး ၍ အရည်အချင်း ပြည့်မှီသူများအား မြန်မာနိုင်ငံ ပညာရေး အရည်အသွေး စံ သတ်မှတ်ချက်မူဘောင် အဆင့်(၄) Myanmar National Qualification Framework (MNQF) Level(4) ရှိ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ ထူးချွန်သူများအား မြန်မာနိုင်ငံ ပညာရေး အရည်အသွေး စံသတ်မှတ်ချက်မူဘောင်အဆင့်(၅) Myanmar National Qualification Framework (MNQF) Level(5) ဖြစ်သည့် သတ်မှတ် အစိုးရနည်းပညာကောလိပ် နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများတွင်  စက်မှုလယ်ယာနည်းပညာ ပထမနှစ်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှု လက်မှတ်ရ သင်တန်း အမှတ်စဉ် (၁) သင်တန်း သို့ ပြင်ပသင်တန်းသား (၂၅)ဦး ၊ ဌာနတွင်းဝန်ထမ်း(၁၅)ဦး စုစုပေါင်း (၄၀)ဦး တက်ရောက်ကြပြီး၊ ပြင်ပ သင်တန်းသား (၂၀)ဦးအတွက် မြန်မာနိုင်ငံ လယ်ယာသုံး စက်ကိရိယာ လုပ်ငန်းရှင်အသင်းဝင် ကုမ္ပဏီ(၄)ခုက ပညာသင်စရိတ်ထောက်ပံ့ပေးသွားရန်နှင့် ကျန်(၅)ဦးကို စက်မှုလယ်ယာ ဦးစီးဌာနက ပညာသင်စရိတ် ထောက်ပံ့ပေးနိုင်ရေးစီစဉ်ထားရှိကြောင်း သိရသည်။

စက်မှုလယ်ယာနည်းပညာများပြန့်ပွားရေး နှင့် စက်မှုလယ်ယာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အဖြစ် လုပ်ကိုင်နိုင်စေရန် တောင်သူမိသားစုများနှင့် စိတ်ဝင်စားသူ လူငယ်များအား မိတ္ထီလာမြို့ရှိ စက်မှုလယ်ယာ ဗဟို သင်တန်းကျောင်း၌ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း သင်တန်းများကို ကာလတိုသင်တန်း များ အဖြစ် ဖွင့်လှစ်ပေးလျက်ရှိသကဲ့သို့ ဌာနတွင်း ဝန်ထမ်းများ အတွက် စွမ်းရည်မြှင့် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့အထိ တောင်သူဦးရေ (၂၃၀၀၀) ကျော် လေ့ကျင့် သင်ကြားပေးထားပြီး ဖြစ်ကြောင်းသိရသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာ အထက်တန်းကျောင်း(မိတ္ထီလာ)သို့ ရောက်ရှိကြရာ ကျောင်းအုပ်ကြီး ဒေါက်တာကျော့ကျော့ရီက အစိုးရနည်းပညာအထက်တန်းကျောင်းမှ သင်ကြားပေးလျက်ရှိသော အဓိကဘာသာရပ်များ၊ သင်ကြားရေး သင်ယူရေးဆိုင်ရာလုပ်ငန်းများ၊ သင်ကြားရေး ဆရာ/ဆရာမများအတွက် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုမြှင့်တင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာန ပညာရှင်များက ကာလတိုသင်တန်းများ လာရောက် ပို့ချပေးနေမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လယ်ယာသုံး စက်ကိရိယာ အခြေခံသော စက်မှုလက်မှုနည်းပညာ ဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေး ဆိုင်ရာများကို လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျွမ်းကျင်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးနှင့် နည်းပညာအခြေခံသော အသက်မွေးဝမ်းကျောင်းပညာတတ် လူငယ်များမွေးထုတ်ပေးနိုင်ရေး  ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ချက်များကို လည်းကောင်း ဆွေးနွေးမှာကြားခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ် ကံဦးစံပြကျေးရွာအနီးရှိ မွေးမြူရေး အသုံးချ သုတေသနနှင့် မျိုးထိန်း မျိုးပွားခြံ(သဖန်း)သို့ ရောက်ရှိကြရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က အသားစားနှင့် နို့စားဆိတ် မျိုး​ကောင်းမျိုးသန့်များ မျိုးမြှင့်တင်​​ရေးနှင့် ပြည်နယ်တိုင်း​ဒေသကြီးများသို့ ဆိတ်မျိုး​ကောင်းမျိုးသန့်များ ဖြန့်ဖြူး​ပေးမည့် အ​​ခြေအ​နေ ၊ ရေရရှိမှုနှင့် ရေအသုံးချနိုင်မှု အခြေအနေများ ကိုလည်းကောင်း၊ ဒေသနှင့်သင့်​​တော်​သော တိရစ္ဆာန်အစာ နေပီယာ ၊ ရူဇီ ၊ စတိုင်လို ၊ ကလိုဘာ ၊ မွန်ဘားစား မြက်မျိုးများ ၊ နှံစားပြောင်း နှင့် အစေ့ထထုတ်ပြောင်း စသည့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးထားရှိမှု နှင့် စမ်းသပ် စိုက်ခင်းများ နှင့်ပတ်သက်၍ လည်းကောင်း၊ လှောင်မွေးစနစ်ကျင့်သုံးရန် ခြံများပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ သိုး ဆိတ်မွေးမြူ ထားရှိမှုနှင့် မျိုးဖြန့်လုပ်ငန်း ဆောင်ရွက်နေမှုများ ကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လက်တွေ့အသုံးချသုတေသန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် တောင်သူပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး စံပြကန်အမှတ်(၁) နှင့် စံပြကန် အမှတ်(၂) အတွင်း ရေသိုလှောင်ထားရှိမှု၊ စံပြကန်အမှတ်(၃) တူးဖော်မည့်မြေနေရာများ ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။