အဓိကအကြောင်းအရာသို့ သွားမည်
x

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကျင်းပ

     စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို  နိုဝင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်း က နေပြည်တော် ရုံးအမှတ်(၁၅) ရှိ ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်ပပြုလုပ်ရာ အခမ်းအနားတွင် ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းတိုက်၏ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တဣန္ဒဝံသထံမှ  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဝန်ထမ်းမိသားစုများက  ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များရွတ်ပွားကြသည့် ပရိတ် တရားတော်များ ကို နာယူကြသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းတိုက်တွင် သီတင်းသုံးတော် မူကြသော သံဃာတော် အရှင်မြတ်များအတွက် ကထိန်လျာသင်္ကန်းနှင့် တန်ဖိုးကျပ်သိန်းတစ်ရာ့ ငါးဆယ်ကျော်ရှိ ကထိန်အရံဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေ ကျပ်သိန်းတစ်ရာ့ ငါးဆယ်ကျော် စုစုပေါင်း ပစ္စည်းနှင့်ငွေသား ကျပ်သိန်းသုံးရာကျော်ကို ဆက်ကပ် လှူဒါန်းကြ သည်။

     ထို့နောက် ပျဉ်းမနားမြို့ မဟာလယ်တီစံကျောင်းတိုက်၏ ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဣန္ဒဝံသ က အနုမောဒနာတရား ချီးမြှင့်တော်မူပြီး ကုသိုလ်ကောင်းမှုအစုစုကို ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့် ပရိတ်သတ်များက ရေစက်သွန်းချ အမျှပေးဝေ ကြသည်။

     အခမ်းအနားအပြီးတွင် ပင့်သံဃာ(၁၁)ပါး အား ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က နေ့ဆွမ်း ဆက်ကပ် ခဲ့ကြကြောင်း သတင်း ရရှိသည်။