အဓိကအကြောင်းအရာသို့ သွားမည်
x

(၁၄)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ငါးဆေးထိုးသားဖောက် မွေးမြူခြင်း ခေါင်းစဉ်ဖြင့် ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၁

(၁၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers' Technical Forum) ကို ယနေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာန တောင်သူလယ်သမား ရုပ်သံခန်းမ၌  ငါးဆေးထိုး သားဖောက် မွေးမြူခြင်း ခေါင်းစဉ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဦးစီးဌာနများ၊ တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်း (ပျဉ်းမနား)မှ ကျောင်းသား ကျောင်းသူများနှင့်  ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးပြီး  မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေမည်ဖြစ်ကြောင်း၊ လုပ်ကွက်ငယ်(MSME) ငါးမွေးမြူရေးတောင်သူများ အား နည်းပညာပေးခြင်း၊ ပူးပေါင်းလက်တွဲဆောင်ရွက်ခြင်း၊ အစာကျွေးမွေးမှု၊ အာဟာရပြည့်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများကို မိမိတို့အားလုံး ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊   သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ဒေသဝမ်းစာ  ဖူလုံရေးအပြင် ဈေးကွက်လိုအပ်ချက်ရှိနေသည့် သားငါးကဏ္ဍ တိုးတက်ထုတ်လုပ် နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူ ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း၊  သဘာဝမြစ် ချောင်းများ၊ ဆည်ကန်များတွင် အကြောင်း အမျိုးမျိုးကြောင့် လျော့နည်းလာသော ငါးသယံဇာတများ ပြန်လည်ဖြည့်တင်းပေးနိုင်ရန်နှင့် အာဟာရပြည့်ဝသော ငါးအသားရိက္ခာကို ပြည်သူများဖူလုံစွာ စားသုံးနိုင်ကြစေရန် တို့ကို ရည်ရွယ်၍ ဖမ်းယူသုံးစွဲခြင်း ထက် ငါးမွေးမြူရေးကဏ္ဍတစ်ရပ် ဖော်ဆောင်နိုင်ရေး ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေး သုတေသနဦးစီးဌာနမှ ပညာရှင်တစ်ဦးက ငါးမွေးမြူခြင်း၊ ငါးဆေး ထိုးသားဖောက်ခြင်း၊ ငါးဆေးထိုး သားဖောက်ခြင်း၏ အကျိုးကျေးဇူးများ၊ မျိုးငါးအထီး အမခွဲခြားခြင်း၊ မျိုးအင်္ဂါရင့်ကျက်မှု၊ ငါးမှုန်ပြုစုခြင်းနှင့် ရောဂါကျရောက်မှု ကာကွယ်ခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ငါးဆေးထိုးသားဖောက်ခြင်း မှတ်တမ်း ဗီဒီယိုပြသသည်။

ယင်းနောက် တက်ရောက်လာသည့် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)မှ ကျောင်းသား ကျောင်းသူများနှင့် တောင်သူများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာန တာဝန်ခံများ၊ ပညာရှင်များက ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။