အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် စက်မှုတိုင်း (၁) ၊ စက်မှုလုပ်ခွင် သင်တန်းကျောင်း ကြည့်ရှု

နေပြည်တော် ဒီဇင်ဘာ ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း (၁)၊ စက်မှုလုပ်ခွင် သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စက်ယန္တရား သုံးစွဲခြင်းဆိုင်ရာ ကျွမ်းကျင်ထက်မြက်သော စက်ပြင်များနှင့် စနစ်တကျကိုင်တွယ်ထိန်းသိမ်းနိုင်သော စက်မောင်းများ သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရေးနှင့် လုပ်ငန်းခွင်ကြီးကြပ် သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်မွမ်းမံသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆွေးနွေးမှာကြားသည်။

သင်တန်း စုစုပေါင်း ၂၅၅ခု ဖွင့်လှစ်ပို့ချ

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း (၁) ၊ စက်မှုလုပ်ခွင်သင်တန်း ကျောင်းကို စတင်ဖွင့်လှစ်သည့် ၁၉၇၄-၁၉၇၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ သင်တန်း စုစုပေါင်း ၂၅၅ခု ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၂၁၆၁ ဦးကို သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (National Skills Stan-dards Authority - NSSA) နှင့် ချိတ်ဆက်၍ မြေတူးစက်မောင်း လုပ်သားကျွမ်းကျင်မှုအဆင့် (၁) အကဲဖြတ်ဌာနကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ ကျွမ်းကျင်မှု အဆင့်(၂) အကဲဖြတ်ဌာနကို ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း စတင်ဖွင့်လှစ်ပြီး ယနေ့ထိ ကျွမ်းကျင်လုပ်သား ၂၈၂ ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီးဖြစ်သည်။ အလားတူ မှော်ဘီအလုပ်ရုံ (က) တွင် သံရည်ကျို ပုံသွန်း လုပ်သားကျွမ်းကျင်မှု အဆင့် (၁)နှင့် အဆင့်(၂) အကဲဖြတ်ဌာနကိုလည်း ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ကာ ကျွမ်းကျင်လုပ်သား ၄၁ ဦးကို စစ်ဆေးအကဲဖြတ်နိုင် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲ၊ အပင်ဇီဝနည်း ပညာဗဟိုဌာန၏ လုပ်ငန်းဆောင် ရွက်နေမှုများကိုလည်းကောင်း၊ ပြခန်းများ၊ Molecular ဓာတ်ခွဲခန်းများ၊ သီးနှံအရည်အသွေး စစ်ဆေးခန်းများ၊ တစ်သျှူးဓာတ်ခွဲခန်းများ၊ ဇီဝလုံခြုံမှုအဆင့် ဓာတ်ခွဲခန်းလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

အပင်ဇီဝနည်းပညာဗဟိုဌာနအနေဖြင့် သီးနှံမျိုးစေ့များ မျိုးဗီဇမှန်ကန်ရေး၊ မျိုးဗီဇသန့်စင်ရေးအတွက် (DNA) ဒီအန်အေနည်းပညာဖြင့် မျိုးဗီဇခွဲခြားစိစစ်ပေးခြင်း၊ သီးနှံများ၏ မျိုးရိုးဗီဇမှန်ကန်မှုကို DNA နည်းပညာဖြင့် ခွဲခြားခြင်း၊ မှတ်တမ်းတင်ခြင်း၊ အပင်တစ်သျှူးမွေးမြူခြင်းဆိုင်ရာ လုပ်ငန်းများ၊ molecularmarkers အသုံးပြုပြီး သီးနှံမျိုးများပြန်လည်အဆင့်မြှင့်တင်ခြင်းနှင့် မျိုးသစ် ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဇီဝလုံခြုံမှုဆိုင်ရာ စည်းမျဉ်းဥပဒေ၊ မူဘောင်များ၊ လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များ ပေါ်ပေါက်နိုင်စေရန်၊ ဇီဝလုံခြုံမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာဖြန့်ဖြူးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုက်ကြီးမြို့ရှိ ဗဟိုမြေစာရင်း ဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းတွင် တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးများ၌ တာဝန်ထမ်းဆောင်လျက် ရှိကြသည့် နိုင်ငံ့ဝန်ထမ်း သင်တန်းသူ သင်တန်းသားများနှင့် တွေ့ဆုံပြီး မိမိတို့၏ ရာထူးတာဝန်များနှင့် လျော်ညီသော ကျင့်ဝတ်သိက္ခာ ကောင်းမွန်စေရန်နှင့် တွေးခေါ်မြော်မြင်နိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်း၊ ခေါင်းဆောင်နိုင်စွမ်းမြင့်မားရေး ကြိုးပမ်းသွားကြရန် ဆွေးနွေးမှာကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဆရာဆရာမများနှင့် သင်တန်းသူ သင်တန်း သားများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး သင်တန်းကျောင်းပြခန်းနှင့် သင်တန်းဆောင်များ၌ သင်ကြား ပို့ချပေးနေမှုများကို လှည့်လည်ကြည့်ရှုသည်။

ဗဟိုမြေစာရင်း ဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်းတွင် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ မြေတိုင်းသင်တန်း၊ တန်းမြင့်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း၊ လုပ်ငန်းခွင် မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းများအပါအဝင် လုပ်ငန်း အလိုက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ လက်ရှိသင်တန်းအားလုံး၏ သင်တန်းတစ်ကြိမ်တွင် သင်တန်းသူ သင်တန်းသား ၅၅၀ လက်ခံသင်ကြားပေးလျက်ရှိပြီး သင်တန်းသူ သင်တန်းသား ၈၀၀အထိ တိုးချဲ့လက်ခံသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။