အဓိကအကြောင်းအရာသို့ သွားမည်
x

ကောက်ရိုးများကို မီးမရှို့ဘဲ မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီး တောင်သူဝင်ငွေတိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်

နေပြည်တော် ဇွန် ၁၇

စနေနေ့တိုင်း ကျင်းပလျက်ရှိသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ဇွန် ၁၅ နံနက်ပိုင်းက (၃၈) ကြိမ်မြောက်အဖြစ် နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ်မှ တောင်သူ ၃၇ ဦး စိုက်ပျိုးရေးပညာရှင် ဝန်ထမ်း ၇၅ ဦး Zoom ဖြင့် တက်ရောက်သူ ၉၀ စုစုပေါင်း ၂၀၂ ဦး တက်ရောက်ကြကာ “ကောက်ရိုးမှိုနှင့် ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါက်တာဥမ္မာခင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းစိုးတို့က ကောက်ရိုးမှိုနှင့် ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် အတွေ့အကြုံများကို တင်ပြဆွေးနွေးကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ယနေ့ မှိုစိုက်ပျိုးထုတ်လုပ်မှု ရည်ရွယ်ချက်များမှာ မိမိတို့နိုင်ငံ၏ မိုးစပါး ဧက ၁၅ သန်း၊ နွေစပါး ၂ ဒသမ ၅ သန်းမှ ရရှိသော ကောက်ရိုးများကို သီးထပ်စိုက်ရန် ရှင်းလင်းရာတွင် မီးမရှို့ဘဲ ဘက်ပေါင်းစုံမှ အကျိုးရှိအောင် အသုံးချခြင်းနည်းလမ်းများထဲမှ တစ်မျိုးဖြစ်သည့် ကောက်ရိုးကို အသုံးချ၍ မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းကို တောင်သူကြီးများ လုပ်ကိုင်လာကြစေခြင်းဖြင့် မှိုစိုက်ပျိုးရေးနှင့် မှိုမျိုးထုတ်လုပ်ခြင်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ထွန်းကား လာစေရန်ဖြစ်ကြောင်း။

လေ့လာထားရှိချက်များအရ စပါးကောင်း၊ သင့်၊ ညံ့ပေါ်မူတည်၍ စပါး တစ်တန်ထွက်လျှင် ကောက်ရိုးတစ်တန်မှ ၁ ဒသမ ၅ တန်အထိ ထွက်ရှိနိုင်ပြီး လက်ရှိပျမ်းမျှအထွက်နှုန်းနှင့် ဆိုပါက ကောက်ရိုး သုံးတန်မှ ၃ ဒသမ ၅ တန်ထွက်ရှိနိုင်ကြောင်း၊ စပါးအလွန်ကောင်းပါက ကောက်ရိုးလေးတန်မှ ငါးတန်အထိ ထွက်ရှိနိုင်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ ဝန်ကြီးဌာနက မူဝါဒတစ်ရပ်အနေဖြင့် ကောက်ရိုးမီးမရှို့ရေးနှင့် ကောက်ရိုးမှ တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ တိရစ္ဆာန်စာနှင့် မြေဆွေးပြုလုပ်သုံးစွဲရေး၊ မှိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့အတွက် သုတေသနပြုခြင်းနှင့် နည်းပညာပြန့်ပွားရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း။

စိုက်ပျိုး ထုတ်လုပ်သည့် ကောက်ရိုးမှိုများကို ဘေးကင်းအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေးနှင့် ဟင်းခတ်အမှုန့်များ ထုတ်လုပ်နိုင်သည်အထိ စမ်းသပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မှိုနှင့်ပတ်သက်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဟင်းခတ်မှုန့် ပြုလုပ်မည်ဆိုပါ မည်သည့်မှိုက အချိုဆုံးဖြစ်ပြီး အသင့်တော်ဆုံးဖြစ်သည်ကိုလည်း သိရှိရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် တောင်သူနည်းပညာဆွေးနွေးပွဲ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာပညာရှင်များက ဖြေကြားခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။