အဓိကအကြောင်းအရာသို့ သွားမည်
x

စပါး-ငါး ပေါင်းစပ်မွေးမြူခြင်းမှရရှိသည့် ဂေဟဗေဒ ဝန်ဆောင်မှုတန်ဖိုးအပေါ်လေ့လာမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၈

စပါး-ငါးပေါင်းစပ်မွေးမြူခြင်းမှရရှိသည့် ဂေဟဗေဒဝန်ဆောင်မှု တန်ဖိုးအပေါ်လေ့လာမှုအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက စပါးခင်းများအတွင်း ငါးထည့်သွင်းမွေးမြူခြင်းမှာ မိရိုးဖလာနည်းတစ်ခုဖြစ်ပြီး တောင်သူမိသားစုအပိုဝင်ငွေရရှိစေရန်နှင့် စားရေရိက္ခာဖူလုံစေရန် ဆောင်ရွက်လေ့ရှိကြောင်း၊ မျက်မှောက်ကာလတွင် အာရှတိုင်းပြည်များ၌ စပါးခင်းများအတွင်း ငါးထည့်သွင်းမွေးမြူခြင်းကို အကျိုးအမြတ်ရရှိစေသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လျက်ရှိကြကြောင်း၊ ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းရှင်၏ သုတေသနပြု လေ့လာခဲ့မှုကို ဝိုင်းဝန်းဆွေးနွေးသုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်သွားနိုင်မည့် စပါး-ငါး ပေါင်းစပ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအပေါ် အကြံပြုဆွေးနွေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယဦးစီးမှူး ဒေါက်တာ အာကာမျိုးက လုပ်ငန်းဆောင်ရွက်မှုကို ဖတ်ကြားတင်ပြသည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအာကာမျိုး၏ ပါရဂူဘွဲ့စာတမ်းဖြစ်သော စပါး-ငါး ပေါင်းစပ်မွေးမြူခြင်းမှရရှိသည့် ဂေဟဗေဒ ဝန်ဆောင်မှုတန်ဖိုးအပေါ် လေ့လာမှုစာတမ်းကို ဌာနဆိုင်ရာများနှင့် စိုက်ပျိုးရေး တက္ကသိုလ်တို့မှ ဘာသာရပ်အလိုက် ကျွမ်းကျင်သူပညာရှင်များအား ဖိတ်ခေါ်၍ အသိပညာဗဟုသုတများ ဖလှယ်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။