အဓိကအကြောင်းအရာသို့ သွားမည်
x

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် မန္တလေးတိုင်းဒေသကြီးအတွင်း သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေ ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးရမည်းသင်း မြို့နယ်အတွင်းရှိ မိုးကြိုချည်မျှင် ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်များဆောင်ရွက်ထားရှိမှု၊ အောင်နိုင်တိုး စပါးမျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ထားရှိမှုနှင့် ငလျင်ဒဏ်ခံစားခဲ့ရသည့် ဒေသခံတောင်သူများ၏ စိုက်ကွင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ကတင်ကျေးရွာ ဝါစံပြစိုက်ခင်းနှင့် ဆည်ကြီးရွာ ရွှေတောင်-၁၀ ဝါ စံပြ စိုက်ခင်းတို့၌ ဒေသခံဝါစိုက်တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ရမည်းသင်းမြို့နယ်၏ ရေမြေရာသီဥတုအရ အကောင်းဆုံးဝါသီးနှံစိုက်ပျိုးထုတ်လုပ်သည့်ဧရိယာ စံပြဒေသဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း၊ တောင်သူများ ဝါစပ်မျိုးများ အသုံးပြုစိုက်ပျိုးရာတွင် ဒုတိယသားဆက်ကို ဆက်လက်စိုက်ပျိုးခြင်းမပြုအောင် ပညာပေးစေလိုကြောင်း၊ ထို့ပြင် မိမိတို့ထုတ်ဝေထားသည့် ဝါမျိုးများကို တောင်သူများ လက်ခံလာစေရေးအတွက် မျိုးမြှင့်တင်ခြင်းလုပ်ငန်းများတွင် တောင်သူများ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရှင်များအနေဖြင့် ရွှေတောင်-၈၊ ရွှေတောင်- ၁၀ ဝါမျိုးများကို စနစ်တကျမျိုးမြှင့်တင် ခြင်းဆောင်ရွက်ရန်နှင့် မျိုးလိုအပ်ချက်လွှမ်းခြုံနိုင်ရန် အခြေခံအဆင့်မျိုးစေ့ထုတ်ခြင်းနှင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်း အဆင့်နှစ်ဆင့်ကို စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကတင်ကန်အတွင်း ရေသိုလှောင်ထိန်းသိမ်းထားရှိမှုနှင့် စိုက်ပျိုးရေပေးဝေနိုင်မှုကိုလည်းကောင်း၊ ရမည်းသင်းမြို့နယ် အင်ကြင်းကန်ကျေးရွာရှိ အောင်နိုင်တိုးစပါးစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကိုလည်းကောင်း၊ ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်ခဲ့သည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စီပင်ခြံရှိ မြေအက်ကြောင်းများ၊ ကွင်းပတ်လမ်းများ၊ မြောင်းများနေရာရွေ့ခြင်း၊ ကျိုးပျက်ခြင်းနှင့် ဝန်ထမ်းအိမ်ရာ ထိခိုက်မှုအခြေအနေများကို လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန အပူပိုင်းဒေသ သစ်သီးဝလံသုတေ သနဗဟိုဌာန (မယ်အောင်ကန်)ခြံ၏ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်