အဓိကအကြောင်းအရာသို့ သွားမည်
x

ရန်ကုန်တိုင်းဒေသကြီးအတွင်း ‌ရေလှောင်တမံ၊ ရေတံခါးများနှင့် သီးနှံပုံစံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းရှိ လယ်ယာမြေများ မိုးရာသီတွင် ရေကြီးနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်နှင့် မိုးရာသီအကုန်တွင် ရေချိုသိုလှောင်ထိန်းသိမ်းပြီး နွေစပါးဧက ၃၅၀ ခန့်ကို စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် ပျဉ်ထောင်ချောင်းပေါ်တွင် တည်ဆောက်ထားသော ပျဉ်ထောင်ရေထိန်းတံခါး လေးပေါက်ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ရေငန်နှင့် ထိစပ်နေသောဧရိယာများတွင် မြေဆီလွှာအရည်အသွေး ထိခိုက်ပြောင်းလဲမှုအခြေအနေများကို သက်ဆိုင်ရာဌာနများမှ ပူးပေါင်း၍ စောင့်ကြည့်စစ်ဆေး တိုင်းတာဆန်းစစ်ရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာအုပ်စု အောင်နိုင်တိုးစပါးစိုက်ကွင်း၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ဇာမဏီအင်းရေလှောင်တမံသို့ ရောက်ရှိပြီး ရေလှောင်တမံမှ ရေပေးဝေမှု၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ ရေလှောင်တမံ ဝင်ရေသိုလှောင်မှုနှင့် တမံကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁၈) စက်မှုလယ်ယာ စခန်း သန်လျင်သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်းရှိ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်သို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ အကြံပြုဆွေးနွေးမှာကြားပြီး ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် လုပ်ငန်းရှင်တောင်သူများနှင့် တွေ့ဆုံ၍ ဇုန်စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် စိုက်ခင်းများအတွင်း လက်ရှိစိုက်ပျိုးလျက်ရှိသော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ GAP စနစ်မှ အော်ဂဲလ်နစ်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော ဟင်းသီးဟင်းရွက်များ ဖြန့်ဖြူးရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် အထူးဇုန်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်