အဓိကအကြောင်းအရာသို့ သွားမည်
x

ဒဂုံမြို့သစ် (တောင်ပိုင်း) ဒေသသုတေသနဗဟိုဌာန (လေးထောင့်ကန်) ခြံရှိ သုတေသနလုပ်ငန်းများ စစ်ဆေး

နေပြည်တော် ဇူလိုင် ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဌာနခွဲအောက်ရှိ ဒေသသုတေသနဗဟိုဌာန (လေးထောင့်ကန်) ခြံ၏ သုတေသနနှင့် သုတေသနခြံတည်ထောင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆွေးနွေးမှာကြား

ယင်းနောက် အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး မြို့နယ်စိုက်ပျိုးရေးတာဝန်ရှိသူများ၊ တောင်သူများပူးပေါင်းပါဝင်သော မျိုးရွေးချယ်ခြင်း သုတေသနလုပ်ငန်းများဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းများ ကွင်းပတ်လမ်းအပါအဝင် တင်ဒါဖြင့် ဆောင်ရွက်သောလုပ်ငန်းများကို တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး၊ သတ်မှတ်အရည်အသွေးပြည့်မီရေး ကြပ်မတ်ဆောင်ရွက်ရန်၊ သုတေသနဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်သိက္ခာနှင့်အညီ ကျင့်ကြံ၍ စည်းလုံးညီညွတ်စွာနေထိုင်ကြရန်နှင့် သက်သာချောင်ချိရေးအတွက် မြေကွက်လပ်မထား ဘဲ ဝန်ထမ်းသက်သာ စိုက်ခင်းများထူထောင်၍ မန်ကျည်း၊ ဆူးပုပ်၊ ကင်ပွန်းချဉ် ၊ ချဉ်ပေါင်စသည်ဖြင့် သီးနှံစုံ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒေသသုတေသနဗဟိုဌာန (လေးထောင့်ကန်) ခြံတာဝန်ခံက ၂၀၂၅-၂၀၂၆ ဘဏ္ဍနှစ်အတွက် ဆောင်ရွက်မည့် သုတေသန လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားပြီး သုတေသနခြံအတွင်း သုတေသနပြုစမ်းသပ်စိုက်ပျိုးထားသော စပါးခင်းများကို ကြည့်ရှုကာ တောင်သူလယ်သမားများ အားကိုးရသော သုတေသနခြံတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်