အဓိကအကြောင်းအရာသို့ သွားမည်
x

(၄၆) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကို “သီးနှံများ၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်စေရေးအတွက် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုခြင်းအခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်ကျင်းပ

နေပြည်တော် ဩဂုတ် ၆

လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံဆောင်ရွက်ရာ၌ ဌာနတစ်ခုချင်း၏ လုပ်ငန်းသဘောသဘာဝများဆောင်ရွက်ချက်များကို ဆက်စပ်ဌာနများက ကောင်းစွာသိရှိသဖြင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊ လုပ်ငန်း၏အားသာချက် အားနည်းချက်များအပေါ် သုံးသပ်အကြံပြုနိုင်ကြရန်နှင့် လိုအပ်ချက်များ အပြန်အလှန်ညှိနှိုင်းဆွေးနွေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက လစဉ်ကျင်းပလျက်ရှိသည့် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကို (၄၆)ကြိမ် မြောက်အဖြစ် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်အဖွင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ဦးစီးဌာနများမှ ပညာရှင်ကိုယ်စားလှယ်များက သီးနှံများ၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်စေရေးအတွက် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုခြင်း၏ အရေးပါမှု၊ လယ်ယာသုံး စက်ကိရိယာများအသုံးပြုခြင်းနှင့် အသုံးမပြုခြင်းတို့၏ သီးနှံထုတ်လုပ်မှုတိုးတက်ရေးအပေါ် သက်ရောက်မှုများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် စမ်းသပ် သုတေသနလုပ်ငန်းများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် လက်ရှိသင်ကြားပေးလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာဆိုင်ရာ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမှုပုံစံများနှင့် ဆက်လက်တိုးချဲ့ သင်ကြားပေးသင့်သည့် သင်ခန်းစာများ၊ စက်မှုလယ်ယာဦးစီးဌာနမှ လက်ရှိဆောင်ရွက်လျက်ရှိသော လယ်ယာသုံးစက်ကိရိယာ ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်ကိရိယာသုတေသနစမ်းသပ် ဆောင်ရွက်ချက်များနှင့် လယ်ယာသုံးစက်ကိရိယာများ တိုးတက်သုံးစွဲလာနိုင်စေရန် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြပြီး ဆွေးနွေးပွဲ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို အသေးစိတ်ရှင်းလင်းဖြေကြားသည်။

စကားဝိုင်းဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနတာဝန်ရှိသူများ၊ အရာထမ်းများ၊ အမှုထမ်းများတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများက Online မှ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။