အဓိကအကြောင်းအရာသို့ သွားမည်
x

ရေဘေးကာကွယ်ရေးတာ ၁၁ ခုမှ စစ်တောင်းမြစ်ဝှမ်းဒေသ အတွင်းရှိ ဧရိယာ ၃၇၀၅၂ ဧကကို ရေဘေးကာကွယ်ထားရှိ

နေပြည်တော်   စက်တင်ဘာ   ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည်  ယမန်နေ့  နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး   အုတ်တွင်းမြို့နယ်ရှိ စစ်‌တောင်းမြစ်အနောက်ဘက်ခြမ်း ဧရိယာများအား ရေဘေး ကာကွယ်ထားရှိသည့် ဝါးတီး-အုန်းပင်တာကို  ကြည့်ရှုစစ်ဆေးသည်။

စစ်ဆေးစဉ် သဘာဝဘေးဖြစ်ပေါ်လာပါက အန္တရာယ်ရှိနိုင်သော နေရာများကို တာတမံများ၏ အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအတိုင်း အလေးထား ဆောင်ရွက်ကြရန်၊ တာတမံဥပဒေပါ တားမြစ်ချက် သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ထိန်းသိမ်းရန်၊ တာတမံများ ပြုပြင် တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ပြုပြင်ဆောင်ရွက်ရန်၊ ရေလှောင်တမံများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နွေစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးရေလုံလောက်စွာပေးဝေ နိုင်ရေးအတွက်    ရေသိုလှောင်မှုအား ထိန်းညှိလုပ်ဆောင်ရန်၊  သဘာဝဘေးရေကြီးနစ်မြုပ်မှု ဖြစ်စဉ်များကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်မှုလျော့နည်းသက်သာစေရေး  ကြိုတင်စီမံဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားသည်။

တောင်ငူခရိုင်အတွင်း လာမည့်နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ခြင်းအတွက် စိုက်ပျိုးရေပေးဝေနိုင်ရန်  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ထိန်းသိမ်းထားရှိသော ရေလှောင်တမံရှစ်ခု၌ ရေများသိုလှောင် ထားရှိသကဲ့သို့ ရေဘေးကာကွယ်ရေးတာ ၁၁ ခု၏ စုစုပေါင်းတာမိုင် ၃၅ မိုင် ၇ ဖာလုံမှ စစ်တောင်းမြစ်ဝှမ်း ဒေသအတွင်းရှိ ဧရိယာ ၃၇၀၅၂ ဧကကို ရေဘေးကာကွယ်ထားရှိကြောင်း   သိရသည်။

ဆက်လက်၍   ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ကြီးကြောင့် ရေသောက်စနစ်များ ထိခိုက်ပျက်စီးခဲ့သည့် ခပေါင်းဆည် ရေသောက်စနစ်နှင့်     ဆွာဆည် ရေသောက်စနစ်အတွင်းရှိ ရေပေးမြောင်း၊ ရေနုတ်မြောင်းနှင့် ရေပေး အဆောက်အအုံများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု ကိုကြည့်ရှုစစ်ဆေးပြီး ဆက်လက်ပြုပြင်ရန် ကျန်ရှိသည့် လုပ်ငန်းများကို မူလဒီဇိုင်းပုံစံ များအတိုင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီစွာ ဆောင် ရွက်နိုင်ရေး၊ လျာထားစိုက်ဧကများအတိုင်း စိုက်ပျိုးနိုင်ရေး    တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။