အဓိကအကြောင်းအရာသို့ သွားမည်
x

ရေဆင်းတက္ကသိုလ်များနယ်မြေ၌ ကျောင်းသား ကျောင်းသူများ အပန်းဖြေရိပ်သာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရေဆင်းတက္ကသိုလ်များနယ်မြေ၌ တည်ဆောက်လျက်ရှိသော (အလျား ၁၆၂ ပေ x အနံ ပေ ၉၀)ရှိ ကျောင်းသား ကျောင်းသူများ အပန်းဖြေရိပ်သာ (Recreation Center) စီမံကိန်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများကို အရည်အသွေးကောင်းမွန်သည့် အဆောက်အအုံဖြစ်ရန်နှင့် အားကစားနည်း သတ်မှတ်ချက်စံနှုန်းများနှင့် ကိုက်ညီမှုရှိရန်၊ အားကစားရုံကြမ်းခင်းပြင်ကို ရေရှည်ခံနိုင်ဝန်ရှိစေရေး၊ စျေးဆိုင်ခန်းများ စနစ်တကျ နေရာချထားပေးနိုင်ရေး ကြိုတင်စီမံနေမှုနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာရေးနှင့် ရေစီးရေလာကောင်းမွန်ရေးဆိုင်ရာများကို မှာကြားသည်။

ရေဆင်း တက္ကသိုလ်များနယ်မြေ၌ တည်ဆောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူများ အပန်းဖြေရိပ်သာ (Recreation Center) စီမံကိန်းသည် ယနေ့အထိ လုပ်ငန်းအားလုံး၏ ၇၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးတက္ကသိုလ် ဘောလုံးကွင်း၏ ပရိသတ် ၅၂၀ ဆံ့ ပွဲကြည့်စင်နှင့် မီတာ ၄၀၀ ပြေးလမ်းအဆင့် မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။