အဓိကအကြောင်းအရာသို့ သွားမည်
x

(၉၉)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

(၉၉)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC) ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ရေရှည်တည်တံ့သော မွေးမြူရေးနှင့် အပင်သယံဇာတ ထိန်းသိမ်းရေးနှင့် အသုံးချရေးကို ကျေးရွာသစ်စီမံကိန်းများမှ စတင်ဆောင်ရွက်ရန်လိုကြောင်း၊ အပင်ဗီဇအရင်းအမြစ်ထိန်းသိမ်းရေး၊ သီးနှံ သစ်တော ရောနှောစိုက်ခင်းများအပြင် အိမ်ခြံဝင်း ဥယျာဉ် စိုက်ပျိုးရေးကဏ္ဍများကို အလေးထားလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ တောင်သူလယ်သမား တွေ့ဆုံပွဲများတွင် လူမှုမီဒီယာကွန်ရက်များ အသုံးပြုမှုကို ထိရောက်စွာ တိုးမြှင့်အသုံးပြု၍ သုတနှင့်နည်းပညာများ ဖြန့်ဝေရန်လိုကြောင်း၊ လုပ်ကွက်ငယ်တောင်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းအပြင် စရိတ်ကျဉ်း၍ ဝင်ငွေပိုမိုရရှိနိုင်သော ဒေသကြက်နှင့် ငုံးမွေးမြူရေးလုပ်ငန်းများကို ပိုမို ချဲ့ထွင်လုပ်ကိုင်သင့်ကြောင်း ပြောကြားသည်။

ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် မွေးမြူရေးပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာအေးအေးမြင့်က “ရေရှည်တည်တံ့သော စိုက်ပျိုးရေး စနစ်အတွက် သီးနှံစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူ ရေး ပေါင်းစပ်လုပ်ကိုင်ခြင်း” ခေါင်းစဉ်ဖြင့် ပေါင်းစပ်စနစ်၏ အစိတ်အပိုင်းများနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုပုံစံများ၊ အိမ်နီးချင်းနိုင်ငံများ၏ သီးနှံနှင့် မွေးမြူရေး ပေါင်းစပ်စိုက်ပျိုးထုတ်လုပ်မှု စနစ်များ လေ့လာခြင်း၊ မြန်မာနိုင်ငံ၏ ဒေသအလိုက် သီးနှံနှင့်မွေးမြူရေး ပေါင်းစပ်လုပ်ကိုင်နိုင်သည့် ပုံစံများ၊ မွေးမြူနည်းစနစ်များနှင့် ထုတ်ကုန်များ၊ တိရစ္ဆာန်အစာဖြင့် အသုံးပြုနိုင်သော စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများ၊ လုပ်ငန်းစတင်ရန်အတွက် ဆောင်ရွက်ရမည့်အချက်များ၊ ပေါင်းစည်းစနစ်၏ အားသာချက်နှင့် အားနည်းချက်များ၊ တောင်သူများ လက်တွေ့ရရှိလာမည့် နည်းပညာများကို ရှင်းလင်းဆွေးနွေးပြီး သီးနှံနှင့်မွေးမြူရေး ပေါင်းစည်းလုပ်ကိုင်ခြင်းစနစ် ကျယ်ပြန့်လာစေရန်နှင့် တိရစ္ဆာန်အညစ်အကြေးများကို စနစ်တကျ မြေဆွေးပြုလုပ်ပြီး စိုက်ပျိုးရေးတွင် ပြန်လည်အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို တားဆီးနိုင်သည့်အပြင် မြေဩဇာဖိုးကိုလည်း ချွေတာနိုင်ခြင်းကြောင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး အပြန်အလှန် အကျိုးပြုသည့်စနစ် (Integrated Farming)ကို ကျင့်သုံးကြစေလိုကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ နေပြည်တော်ကောင်စီ နယ်မြေရှစ်မြို့နယ်မှ တောင်သူ ၁၀၅ ဦးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးပညာရှင် ၁၈၀ က အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။