စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (၂၀၂၆-၂၀၃၀) မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ
စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (၂၀၂၆-၂၀၃၀) မိတ်ဆက်ခြင်းအခမ်းအနားကို ၂၅-၅-၂၀၂၆ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၁၅) ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးဗိုလ်ဗိုလ်ကျော်၊ ဒေါက်တာရဲတင့်ထွန်းနှင့် ဒေါက်တာရဲထွန်းဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိကိုယ်စားလှယ်များ၊ ပြင်ပဆက်စပ် ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့ချုပ် များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိ ကိုယ်စားလှယ်များ၊ တောင်သူများနှင့် လုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၃၅၀) ဦးခန့်က အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က အဖွင့်မိန့်ခွန်းပြောကြားရာ နိုင်ငံတစ်ဝန်းရှိ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့သည် စိုက်ပျိုးရေးကဏ္ဍ၏ တိုးတက်ပြောင်းလဲမှုများအပေါ် မှီတည်လျက်ရှိရာ ခေတ်မီ၍ ရေရှည် တည်တံ့သော စိုက်ပျိုးရေးစနစ်သို့ အသွင်ကူးပြောင်းရန်မှာ နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ယခု ရေးဆွဲထားသည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (၂၀၂၆-၂၀၃၀) သည် ယခင်ရေးဆွဲထုတ်ပြန်ခဲ့သည့် မဟာဗျူဟာ (၂၀၁၈-၂၀၂၃) မှ ရရှိခဲ့သည့် သင်ခန်းစာများနှင့် လက်တွေ့ကျသော အတွေ့အကြုံများကို အရင်းတည်ကာ ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ငါးနှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အမျိုးသားအဆင့် လမ်းပြမြေပုံတစ်ခုဖြစ်ကြောင်း၊ မဟာဗျူဟာသည် အားလုံးပါဝင်နိုင်ပြီး ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံ နိုင်သည့်အပြင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းယှဉ်ပြိုင်နိုင်စွမ်းရှိသော ခေတ်မီ၍ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးစနစ်တစ်ခုကို တည်ထောင်ရန် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ စီမံအုပ်ချုပ်မှုကောင်းမွန် စေရေး၊ ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းအား ကောင်းမွန်စေရေးစသည့် မဟာ ဗျူဟာပါ အဓိကမဏ္ဍိုင်ကြီး သုံးရပ်အပေါ် အခြေပြု၍ ဦးစားပေးလုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိက ရည်မှန်းချက်မှာ လာမည့်ကာလအတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုကို ၃ ရာခိုင်နှုန်း အထိတိုးမြှင့်ရန်၊ တောင်သူလယ်သမား များ၏ ပျမ်းမျှဝင်ငွေကို ၅၀ ရာခိုင်နှုန်းအထိ တိုးတက်မြင့်မား လာစေရန်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့မှုတန်ဖိုးကိုလည်း အမေရိကန် ဒေါ်လာ ၇ ဘီလီယံ အထိ တိုးမြှင့်နိုင်ရန် လျာထားဆောင် ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာပါ လုပ်ငန်းစဉ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တစ်ခုတည်း၏ ကြိုးပမ်းမှုဖြင့် မလုံလောက်ဘဲ ဆက်စပ် အစိုးရဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် တောင်သူလယ်သမားများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းပါဝင်မှသာ အောင်မြင်မည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ အနေဖြင့်လည်း စိုက်ပျိုးရေးအခြေခံ စက်မှုကုန် ထုတ်လုပ်ငန်းများတွင် ပိုမို ရင်းနှီးမြှုပ်နှံပြီး နိုင်ငံတော်၏ ထုတ်ကုန် တန်ဖိုး မြှင့်တင်ရေးအတွက် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်က စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (၂၀၂၆-၂၀၃၀) နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ မဟာဗျူဟာကို လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေ ရိက္ခာဖူလုံရေးအတွက် ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ရေး၊ စျေးကွက်လက်လှမ်းမီစေရေး၊ စိုက်ပျိုးရေး ကဏ္ဍ၏ အဓိကစိန်ခေါ်မှုများကို ဖြေရှင်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ မဟာဗျူဟာကိုရေးဆွဲရာ၌ စိုက်ပျိုးရေးကဏ္ဍတွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို စိစစ်သုံးသပ်၍ လာမည့်ငါးနှစ်တာကာလအတွင်း ခေတ်နှင့်အညီ ဖော်ဆောင်မည့် မျှော်မှန်းရလဒ်များ၊ ရရှိသည့်အရင်းအမြစ်များဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကို ဖြည့်စွက်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ၏ မဏ္ဍိုင် သုံးရပ်နှင့် သက်ဆိုင်သော ရည်မှန်းချက်များသို့ ရောက်ရှိအောင်မြင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ထပ်ဆင့်ရလဒ် ၂၅ ခုနှင့် ချက်ချင်းရလဒ် ၂၂၆ ခု တို့ကို လျာထားရေးဆွဲထား ပါကြောင်းနှင့် မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်မည့် နည်းလမ်းများ၊ အဖွဲ့အစည်း ဆိုင်ရာ စီမံခန့်ခွဲမှုများကို ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးများက စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (၂၀၂၆-၂၀၃၀) စာအုပ်များအား အခမ်းအနားတက်ရောက်သည့် ပြင်ပဆက်စပ် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များသို့ အသီးသီးပေးအပ်ခဲ့ပါသည်။
